Sunday, July 8, 2007

My Thoughts (1)

လူတိုင်းမှာ ဘ၀ရဲ့အစခံစားချက်နှင့် ဘ၀ရဲ့အဆုံးခံစားချက်ဆိုတာရှိကြတယ်။ ကိုယ့်ဘ၀စတုံးကဘာခံစားခဲ့ရလဲဆိုတာ မမှတ်မိကြပေမယ့် ဘ၀အဆုံးချိန်ကြရင် ဘာခံစားရမလဲဆိုတာ သိနေကြမှာပါ။ ကလေးဘ၀မွေးကင်းစမှာဘာတွေခံစားခဲ့မလဲဆိုတာ မှန်းဆကြည့်လို့ပဲရမှာပါ။ ဗိုက်ဆာလို့ငိုမယ်၊ တခုခုနာကျင်လို့ငိုမယ်၊ ကိုယ့်ကိုချော့မြှူပြုစုတဲ့လူတွေ့ရင် ပြုံးပျော်မယ် စတာတွေခံစားခဲ့မှာပဲ။ ငယ်ငယ်တုံးကမွှေးကင်းစကလေးတွေကိုသိပ်စိတ်မ၀င်စားမတွေ့ဖူးပေမယ့် ကိုယ့်တူလေးတူမလေးတွေမွေးလာတဲ့အခါ ကလေးသေးသေးလေးတွေကို တအံ့တသြဖြစ်မိတယ်။ တကယ့်လူသေးသေးလေးတွေ။ ငါငယ်ငယ်ကကောဒီလိုပဲနေမှာပေါ့ဆိုပြီး ငယ်ငယ်တုံးကအကြောင်းတွေကို အတွေးရောက်မိတယ်။ သိပ်ငယ်တုံးကအဖြစ်အပျက်တွေကို မမှတ်မိတော့ပါဘူး။ အမေ အဖေ ကြီးတော်မိကြီးတွေပြောပြတဲ့ကိုယ့်အကြောင်းကိုပဲ ကြားဖူးတာပါ။ အမေရဲ့နင်ငယ်ငယ်တုံးကလေ…ဆိုတာကိုနားထောင်ချင်ခဲ့ပါတယ်။ ငါငယ်ငယ်က ဘာတွေလုပ်ခဲ့သလဲ လို့သိချင်ခဲ့ပါတယ်။ အမေကို ”အမေ..ငယ်..ငယ်ငယ်ကဘာတွေလုပ်ခဲ့လဲဟင်” လို့မေးတိုင်း အမေက တော်တော်ဆိုးတယ်တဲ့။ ဘာတွေဆိုးလဲလို့ဆက်မေးရင် ငယ်ငယ်တုံးက အလွန်ဂျီကျတတ်ကြောင်း၊ တစ်ခုခုကိုမရမချင်း တအီအီငိုတတ်ကြောင်း စသည်စသည်ပြောပြတတ်ပါတယ်။ ကိုယ်တိုင်မှတ်မိတာကတော့ အိပ်ရာကနိုးလို့ လက်ထဲမှာ မုန့်တစ်ခုမရောက်လာမချင်း ”အမေ့..မုန့်” လို့ အဲဒီစကားသုံးလုံးကိုရွတ်ရင်း မရပ်မနားဂျီကျတတ်တာပါပဲ။ နိုးလာတဲ့ အချိန်မှာ အမေကမအားလို့ ကိုယ့်ကိုလာမခေါ်နိုင်တာကို စိတ်မကောက်ပါဘူး။ အမေကမအားသေးလို့ ကိုယ်စားချင်တဲ့မုန့်ကို လက်ထဲမထည့်ပေးတာကိုပဲ စိတ်ကောက်တတ်ပါတယ်။ အဲဒီအချိန်တုံးက ကိုယ်က၂ နှစ် ၃နှစ်လောက်ရှိမှာပါ။ နောက်တစ်ခုကတော့နဲနဲညစ်ပတ်လို့ မပြောတော့ပါဘူး။ ငယ်ငယ်တုံးကအကြောင်းဆို အဲဒီနှစ်ခုကိုခုထိသတိရနေတုန်းပါပဲ။ ဒါကြောင့် ကလေးသေးသေးလေးတွေတွေ့ရင် သူတို့အခုဘာစဉ်းစားနေမလဲလို့ တွေးနေမိပါတယ်။ သေချာတာကသူတို့ရဲ့စိတ်ထဲမှာ သိပ်ပြီးတော့အပူအပင်ရှိမှာမဟုတ်တာပါပဲ။ လိုတရနေတဲ့အရွယ်ဖြစ်နေမှာပါ။

No comments: