Monday, June 18, 2007

Experience in Japan (1)

နိုင်ငံခြားရောက် အတွေ့အကြုံလေးတွေ

ကျွန်မ ရဲ့ ဂျပန်နိုင်ငံမှာနေထိုင်ဖူးတဲ့ အတွေ့ကြုံေးလးတွေကို ရေးထားတာဖြစ်ပြီး စာရေးကောင်းသူ မဟုတ်တော့ အစီအစဉ်မကျ ဟိုရောကဒီရောက်ဖြစ်နေရင် သည်းခံပေးပါလို့။

ပထမဦးဆုံးပြောချင်တာက ကျွန်မအခုရောက်နေတဲ့ ဂျပန်နိုင်ငံမှ ဂျပန်လူမျိုးများ အကြောင်းပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးများအကြောင်းဆိုလို့ ကျွန်မအားလုံးကို သိနားလည်လို့ လေ့လာကောက်ချက်ချပြီး ပြောတာမဟုတ်ပါဘူး။ ဂျပန် တစ်နိုင်ငံလုံးကိုလည်း မရောက်ဖူးပါဘူး။ ဂျပန်စကားလည်း မတတ်ဘူးလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ထမင်းစားရေသောက် နှုတ်ဆက်တတ်ရုံ သိတာမို့ မတတ်ဘူးလို့ပြောတာပါ။ ဒါကြောင့် ကျွန်မသိအမျှ ဂျပန်လူမျိုးအကြောင်းဆိုတာ ကျွန်မကြုံတွေ့ ခဲ့တဲ့အတွေ့ကြုံလေးတွေ ပေါ်မှာပဲအချေခံပြီး ကောက်ချက်ချတာဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေဟာစည်းကမ်းရှိကြပါတယ်။ ဒါကိုလူတိုင်းသိပြီးသားပါ။ ကျွန်မက ဘယ်လိုနေရာမျိုးတွေမှာစည်းကမ်းရှိလဲဆိုတာ နဲနဲပြောပြချင်ပါတယ်။
ဂျပန်တွေဟာ အရာရာအားလုံးကိုအစီအစဉ်တကျ ( Well planned) ပြုလုပ်တတ်ပါတယ်။ ဥပမာ ခရီးစဉ်တခုစီစဉ်တာမျိုး၊ meeting အစီအစဉ်၊ ကျောင်းသားတွေအချင်းချင်းရင်းနှီးစေအောင်မိတ်ဆုံစားပွဲ….စတဲ့ အရေးကိစöတွေမှာတောင် သေသေချာချာအစီအစဉ်ဆွဲပြီး ပြုလုပ် တတ်ကြပါတယ်။ စချိန်၊ ဆုံးချိန်၊ နားချိန်၊ အကြွေးအမွေးပါမပါ၊ ပိုက်ဆံကုန်ကျစရိတ်၊ သူတို့ကျခံမည့်စားရိတ်၊ ကိုယ်တိုင် ကျခံရမည့်စားရိတ် …စတာတွေတခါတည်းဖေါ်ပြပေးပါတယ်။ လေ့လာရေးခရီးတွေဆိုရင် လဲဒီအတိုင်းပါပဲ၊ ခရီးစဉ်အသေးစိတ်ကို ကြိုတင်ပြီးပေးထားလေ့ရှိပါတယ်။ ကိုယ်သွားရမယ့်နေရာ၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကို တစ်ခါတည်း ကြိုတင်ပြောပြထားပါတယ်။ အစီအစဉ်စမှ ၀ရုန်းသုံးကားလုပ်တာ တစ်ခါမှမကြုံဖူးပါဘူး။
နောက်တစ်ခုက အမှိုက်ပစ်တဲ့ကိစöပါ။ အမှိုက်ပစ်ရာမှာလည်း စည်းကမ်းတကျ ရှိပါတယ်။ အမှိုက်ပစ်ရင် အမျိုးအစားအလိုက် ခွဲခြားပြီး မှပစ်ခွင့်ရှိပါတယ်။ မီးဖိုချောင်ထွက်အမှိုက်၊ ပလပ်စတ်၊ PET bottle ၊ ဖန်ပုလင်း၊ ဓါတ်ခဲ…စသည်ဖြင့် သူ့အမျိုးအစားအလိုက် တံဆိပ်ရိုက်ထားတဲ့ ပလပ်စတစ်အိတ်တွေနဲ့ ထည့်ရပါတယ်။ ပြီးရင်သူ့နေ့နဲ့သူ ပစ်ရပါတယ်။ မီးဖိုချောင်ထွက်အမှိုက်ပစ်တဲ့နေ့မှာ ပလပ်စတစ်ပစည်းတွေ ပစ်လို့မရပါဘူး၊ အမှိုက်ကားလာတဲ့အချိန် သွားထားရင်လဲ အမှိုက်ကားကမသိမ်းပါဘူး။ သူများပြောပြတဲ့အတွေ့အကြုံလေးပြောပြချင်ပါတယ်။ တိုကျိုမှာ overstay နေတဲ့သူတစ်ယောက်က အမှိုက်တွေကို ခွဲခြားမှုမလုပ်ပဲ ဒီအတိုင်းပြစ်လေ့ရှိတယ်တဲ့။ အဲလို မခွဲခြားပဲပြစ်တော့ အမှိုက်ပုံမှာ ဒီအတိုင်း မသိမ်းပဲကျန်ကျန်နေတာပေါ့၊ဒါနဲ့အဲဒီနားမှာနေတဲ့ဂျပန်ကရဲကိုတိုင်ထားလိုက်ပါတယ်။ ရဲက အမှိုက်ပစ်တဲ့လူတွေကို စောင့်ကြည့်နေတဲ့အခါ အဲဒီလူအမှိုက်ပစ်တာကို မိသွားပါတယ်။ ဒါနဲ့သူလဲပြန်ပို့ခံရတယ်လို့ ကြားဖူးပါတယ်။
သင်တန်း၊ လေ့လာရေးနဲ့ရက်တို တစ်လနှစ်လလာသူတွေ ထဲမှာတောင် အဲလိုအမှိုက်ကို classify လုပ်ရတာကို အပိုအလုပ်တွေ အကြင်နာမရှိဘူး ဂျပန်တွေက ရက်စက်တယ် ဆိုပြီးညည်းညူ ပြန်သွားကြတဲ့ လူတွေရှိပါတယ်။သူတို့တွေကို center တွေ ဟိုတယ်တွေ မှာထားတာများပါတယ်။ center တွေမှာနေရင် သေးငယ်တဲ့အမှိုက်တွေကို အိပ်ခန်းကအမှိုက်ခြင်းမှာပစ်လို့ရပါတယ်။ တခါတရံ ကတ်ထူစကူ၊ ပလပ်စတစ်အိတ်ကြီးကြီး၊ ထမင်းဘူးခွံစတာတွေကိုတော့ အထပ်တိုင်းမှာထားတဲ့ အမှိုက်ပစ်တဲ့နေရာ တွေမှာသွားပစ်ရပါတယ်။ အဲဒီမှာလည်း စက်ကူအတွက်၊ပလပ်စတစ်အတွက် ခွဲခြားပစ်ပေးရပါတယ်။
ကျွန်မနေတဲ့ Dormitory မှာတော့ အမှိုက်ကို ဘယ်အချိန်ပြစ်ပြစ်ရပါတယ်။ ဒါပေမယ့် အမှိုက်တွေကိုတော့ ခွဲခြားပေးရပါတယ်။ dormitory ရှေ့ကအမှိုက်ရုံမှာ သွားထားပေးရပါတယ်။ house keeper ကအမှိုက်တွေကိုစိစစ်ပြီး ခွဲခြားပုံ ထားပြီးအမှိုက်ကားလာရင် သူ့နေ့နဲ့သူ သက်ဆိုင်တာကိုယူပြီးသိမ်းသွားပါတယ်။ တော်ရုံမခွဲခြားထားတဲ့ အမှိုက်တွေကို house keeper ကခွဲခြားပေးလိုက်ပါတယ်။ ဒါပေမယ့် ခဏခဏများလာရင် အိမ်ပိုင်ရှင်ကိုတိုင်ပြီးအားလုံးမြင်သာအောင် notice board မှာစာကပ်ပါတယ်။ ဒါနဲ့စကားမစပ် ကျွန်မသူငယ်ချင်း အင်ဒိုနီးရှား ကတစ်ယောက်ကပြောဖူးပါတယ်။ ငါ housekeeper ကို သနားလို့ မုန့်တွေဘာတွေပေးဖူးတယ်။ ဒါပေမယ့်အဲဒီ housekeepr မိန်းမကြီးပြန်တော့ ကိုယ်ပိုင်ကားနဲ့ဟတဲ့၊သူ့မှာ handphone နဲ့တဲ့။ house keeper ကတော့သနားလို့ပေးတယ်လို့ထင်ချင်မှထင်မှာ။
အဲဒါနဲ့တစ်ဆက်တည်း သူတို့နိုင်ငံသားတွေဟာ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ကြတာပါပဲ။ သန့်ရှင်းရေးသမားကလဲ ဘယ်တော့မှ ခိုကပ်တာမတွေ့ရပါဘူး။ ကျေင်းမှာသန့်ရှင်းရေးသမားတွေဟာ သူ့အချိန်နဲ့သူ တာဝန်ကျေအောင်သန့်ရှင်းရေးလုပ်ကြပါတယ်။ အမြဲတမ်းလုပ်တဲ့အခါကျတော့ ကြီးကြီးမားမားရှင်းလင်းရတာမရှိတော့ဘူးပေါ့။ ဒါပေမယ့်ပေါ့ပေါ့တန်တန် သဘောမထားကြဘူး၊ တစ်ကျောင်းလုံး ပတ်ပြီးစီးကရက်တိုလေးတွေကအစ လိုက်ကောက်တတ်ပါတယ်။
အိမ်သာ သန့်စင်ခန်းတွေဆိုရင် ကြုံဖူးအမျှ 99% ကသန့်ရှင်းပါတယ်။ အနံ့အသက်ဆိုးလုံးဝမရှိပါဘူး။ ရေတွေနဲ့ညစ်ပတ်ပေပွနေတာတခါမှမတွေ့ဖူးပါဘူး။ အိမ်တော်တော်များများရဲ့ သန့်စင်ခန်း ကြမ်းပြင်ဟာသစ်သားနဲ့ပါ။ အုတ်အင်္ဂတေမဟုတ်ပါဘူး။ ကြမ်းပြင်ကိုရေစိုအောင် မသုံးကြပါဘူး။အခုဂျပန်မှာ နေရာတော်တော်များများမှာ shower toilet တွေရှိပါတယ်။ သန့်စင်ခန်းတစ်ခုမှာ shower toilet တစ်ခုအနဲဆုံးပါပါတယ်။ အစကမြန်မာနိုင်ငံမှာကြားဖူးတာက နိုင်ငံခြားမှာ သန့်စင်ခန်းတွေမှာ ရေမရှိဘူးဆိုပြီးပြောကြပါတယ်။ တွေးပြီးတော်တော် စိတ်ညစ်ဖူးပါတယ်။ အခုဂျပန်မှာသန့်စင်ခန်းတွေနဲ့ အိမ်တွေမှာ shower toilet ကိုသုံးကြပါတယ်။ ဂျပန်ကအဝေးပြေးယဉ်ရပ်နားစခန်းတွေမှာ တစ်ချို့ သန့်စင်ခန်းတွေဟာ ပြောစမှတ်တွင်ရလောက်အောင်ကို လှပသန့်ရှင်းပါတယ်။ သန့်စင်ခန်းတစ်ခုလုံး ကနုတ်ပန်းများနဲ့ တန်ဆာဆင်ထားပြီး အားလုံး shower toilet တွေသုံးထားပါတယ်။ လက်ဆေးကန်တွေမှာ ဆပ်ပြာတွေ ထားပေးထားပါတယ်။လက်သုတ် စက်ကူတွေလဲ အလုံအလောက်ရှိပါတယ်။ သန့်ရှင်းရေး လုပ်သားတွေအမြဲရှိပြီး သန့်ရှင်းရေးလုပ်နေပေမယ့် လူတွေ စိတ်ညစ်အောင်မလုပ်ပါဘူး။ လူမရှိတဲ့နေရာ ရှောင်ပြီး အနှောက်ယှက်မဖြစ်အောင်လုပ်ကြတာကိုတွေ့ရပါတယ်။ ဂျပန်ကသန့်စင်ခန်း တော်တော်များများဟာခြောက်သွေ့သန့်ရှင်းပါတယ်။
အဆောက်အဦတွေမှာ တံခါးဖွင့်ဖို့အစာင့်ရှိရင် အဲဒီအစောင့်ဟာ လာသမျှလူကို အရိုအသေပေးပြီး ဖွင့်ပေးပါတယ်။ ဘယ်သူကိုမှအဆင့်မခွဲခြားပါဘူး။
Super market ကအရောင်းစာရေးမဟာလဲ customer ကို စိတ်မညိုညင်ရအောင် ၀န်ဆောင်မှုပေးပါတယ်။ တစ်ခါတစ်လေ ၀ယ်သူကအ၀တ်ပုံကို စိတ်ကြိုက်ဖွ၊ သူတို့က ပြန်ခေါက်၊ နောင်ဝယ်သူတစ်ယောက်ကပြန်ဖွ၊ သူကပြန်ခေါက်၊ တစ်ခါတည်းလည်းမဟုတ်ပါဘူး၊ ဒါပေမယ့် မျက်နှာတစ်စက်မှ မပျက်ပါဘူး၊ ဈေးဝယ်သူကိုမျက်ရိပ် မျက်ကဲနဲ့တောင် စိတ်ညိုညင်အောင်မလုပ်ပါဘူး။
ရုံးတွေ၊ ဘဏ်တွေမှာ လဲ ဘယ်သူကိုမှကြောက်နေစရာမလိုပါဘူး။ ပိုက်ဆံပေးမှလုပ်မယ်ဆိုတဲ့သူမတွေ့ဖူးပါဘူး။ ကိုယ့်ကိုအော်ငေါက်မယ့်သူ၊ ဒါလေးတောင်မသိဘူးလားဆိုပြီးပြောမယ့်သူမရှိပါဘူး။ အားလုံးကိုယ့်နဲ့ဆိုင်တဲ့ အလုပ်ကိုပြီးအောင်လုပ်ပေးတဲ့သူကြီးပဲတွေ့ဖူးပါတယ်။ ပိုက်ဆံမရလို့ဟိုနေ့ချိန်း ဒီနေ့ချိန်းလဲမရှိပါဘူး။
ဘူတာရုံမှာ မီးရထားလက်မှတ်ရောင်းတာကလဲ စက်တွေနဲ့ပဲ ရောင်းတဲ့အတွက် သူ့လူငါ့လူအတွက် ချန်ထား၊ ကျန်တာအမြတ်တင်ရောင်း၊ မှောင်ခိုရောင်း၊ စတာတွေမရှိပါဘူး၊ ကိုယ်သွားချင်တဲ့အချိန်မှာ သွားလို့ရပါတယ်။ မီးရထားလက်မှတ်မရလို့ ဆိုတာမရှိပါဘူး။ ရထားချိန်မမှန်တာဖြစ်တတ်ပေမယ့် အမြဲမဟုတ်ပါဘူး။ ဒါကြောင့် ရထားချိန်၊ ကားချိန်တွေမှန်တယ် လို့ပြောလို့ရပါတယ်။ ရထား၊ကားအချိန်စရင်းကိုကြည့်ပြီး ဘယ်အချိန်မှာ ဘယ်ဘူတာ၊ ဘယ်မှတ်တိုင် မှာ စသည်ဖြင့်တွက်လို့ရပါတယ်။ ဂျပန်လူမျိုးတွေ ဟာအချိန်မှန်တိကျတာကိုကြိုက်ပါတယ်။
ဂျပန်မျာယဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာကြတာများပါတယ်။ စက်ဘီးကိုတွင်တွင်ကြယ်ကြယ်သုံးကြပါတယ်။ အိမ်တစ်အိမ်မှာ အိမ်သားတစ်ယောက်စီမှာကားရှိပါတယ်။ ဒါပေမယ့် ကားနဲ့သွားစရာမလိုတဲ့နေရာတွေမှာ စက်ဘီးကိုသုံးကြပါတယ်။ လမ်းတွေမှာ လမ်းလျှောက်သူ ကို ပထမ ဦးစားပေး ရပါတယ်။ စက်ဘီးစီးသူဟာဒုတိယပါ။ရောက်ဖူးသမျှမြို့တွေမှာစက်ဘီးလမ်း ထားပေးတာ တွေ့ရပါတယ်။ မီးပွိုင့်တွေမှာ ယဉ်ထိမ်းရဲမတွေ့ဖူးပါဘူး။ ကားကူးချိန်၊လူဖြတ်ချိန် မီးပွိုင့်မှာ ရှိပါတယ်။

No comments: