Tuesday, December 4, 2012

မြန်မာ့ပညာရေး လှိုင်းဂယက်ထဲမှ အကွေ့အကောက်များ

မြန်မာလူမျိုးများသည် ပင်ကိုယ် စိတ်သဘောထား နူးညံ့ပျော့ပြောင်းပြီး အရာရာကို ခွင့်လွှတ်သည်းခံနိုင်သည့် လူမျိုးဖြစ်သည်။ အနုပညာဓာတ်ခံရှိပြီး အရာရာကို ဟာသအမြင်ဖြင့် ရှုမြင်နိုင်သည်။
တော်ရုံ ပြဿနာလောက်ကိုဖြင့် ရယ်မောဖြေဖျောက်နိုင်လေသည်။ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သော အစွမ်းသတ္တိလည်း မြင့်မားကြလေသည်။ ဖြတ်သန်းခဲ့ရသော ရင်ဆိုင်တွေ့ကြုံခဲ့ရသော အခက်အခဲများကလည်း များလှချေသည်။ အင်္ဂလိပ်ကို တော်လှန်ခဲ့ရသည်။ ဂျပန်ကို တော်လှန်ခဲ့ရသည်။ စစ်ကြီးကို ကြုံခဲ့ရသည်။ ပြည်တွင်းစစ်ကို ဖြတ်သန်းရသည်။ နိုင်ငံရေးအကွဲအပြဲများကိုလည်း ကြုံတွေ့ခဲ့ရသည်။ တစ်ပါတီ အာဏာရှင်စနစ်အောက်တွင်လည်း နှစ်ပေါင်းများစွာ ထုသားပေသားကျ နေခဲ့ရသည်။ ဟိုကွေ့ရောက် ဟိုတက်နှင့်လှော်၊ ဒီကွေ့ရောက် ဒီတက်နှင့်လှော် ဟူသော မြန်မာစကားပုံထဲကအတိုင်း အခြေအနေအရ လိုက်လျောညီထွေ နေတတ်ခဲ့ကြသည်။
သို့သော် ထိုသို့လိုက်လျောညီထွေဖြစ်အောင် ပေးဆပ်ခဲ့ရသည်များလည်း အများအပြားပင်၊ လူးကာလိမ့်ကာဖြင့်လည်း ဖြတ်သန်းခဲ့ရသည်၊ စုံးစုံးနစ်ရင်လည်း နစ်ခဲ့ရချေပြီ၊ တွယ်မိတွယ်ရာတွယ်ရင်း ထိပ်ဆုံးရောက်ခဲ့ရသည်များလည်း ရှိခဲ့ကြပေသည်။
ယနေ့ခေတ်တွင်ဖြင့် ကမ္ဘာကြီးတစ်ခုလုံးသည် ပြောင်းလဲလျှက်ရှိချေပြီ၊ အပြောင်းအလဲများကိုလည်း နေ့မဆိုင်းညမဆိုင်း သိခွင့်ရကြလေပြီ၊ ထိုသို့သိရအောင်လည်း နည်းပညာများက အံ့မခန်း တိုးတက်လျှက်ရှိချေပြီ။ ထိုတိုးတက်သော နည်းပညာများကို လိုက်မီအောင်လေ့လာရင်း ခေတ်သည် ပညာခေတ် (Knoledge Age) သို့ရောက်ရှိခဲ့လေပြီ။ အဆင့်မြင့်နည်းပညာများ လေ့လာရင်း အခြေခံပညာတတ်မြောက်မှုရှိရန် မဖြစ်မနေ လိုအပ်သည်ကိုသိရှိကြလေသည်။
သို့ဖြစ်ရာ မြန်မာလူမျိုးတို့သည်လည်း ပညာခေတ်တွင် လိုက်လျောညီထွေစွာ ပညာရေးမျှော်မှန်းချက်များ မြင့်မားလာခဲ့ချေပြီ၊ နိုင်ငံတကာနှင့်ယှဉ်ပြီး မြန်မာ့ပညာရေးကို တိုးတက်စေလိုသောစိတ်များ လူအများ ခံစားမိချေပြီ။ လူတိုင်းလူတိုင်း ပညာတတ်အောင်ကြိုးပမ်းရမည်၊ ပညာရယူမှုအတွက် အသက်၊ အချိန်အကန့်အသတ်မရှိ၊ ယခုခေတ်စားနေသော (Life-Long Learning) တသက်တာသင်ယူမှုဖြင့် ပညာကိုရှာမှီးကြရမည်ဟု ဆိုကြပြန်သည်၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ခေတ်နောက်ကျနေကြောင်း ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက နည်းအမျိုးမျိုးဖြင့် ထောက်ပြပြောဆိုနေကြပါသည်။
"ပညာရေးစနစ်ဆိုတာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခု၊ ဒါကို လူတစ်ယောက် တက်လာတာနဲ့ ပုံစံတစ်ခုနဲ့တစ်ခု ဖျတ်ကနဲ ပြောင်းလို့မရဘူး။ ဒီလိုကိစ္စကို လူငယ်တွေ ဒီမျိုးဆက် သုံးဆက်က အနစ်နာခံ ကြုံတွေ့ခဲ့ရတယ်၊ လူစဉ်မမီဖြစ်ခဲ့ရတယ်" ဟု ပြည်သူ့ခေတ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းရာမှာ ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်က ပြောကြားခဲ့သည်။
မှန်ပါသည်၊ လူတစ်ယောက်ပြောင်း မူတစ်ခါပြောင်း၊ စနစ်တစ်ခုပြောင်း ထိုစနစ်ကိုကာကွယ်ရန် မီးမောင်းထိုးရန်ရည်ရွယ်ချက်ဖြင့် ပညာရေးဖြင့် အသွင်ပြောင်းခြင်းများကြောင့် ကျောင်းသားလူငယ်များ ပညာရေးလှိုင်းဂယက်တွင် မျိုးဆက်သုံးဆက်နီးပါး ယက်ကန်ယက်ကန် ဖြတ်ကူးခဲ့ကြရသည်၊
(၂)
လွန်ခဲ့သောဆယ်စုနှစ်များဆီက ပညာရေးဝန်ကြီးအသစ်တစ်ယောက် ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ကြေငြာပြီး သတင်းစာထဲပါလာပါက "အင်း...... မကြာခင်ပြုတ်၊ ဒါမှမဟုတ် အနားပေးခံရတော့မည့်သူဟု" ပြောစမှတ်ပင် ရှိခဲ့ဖူးပါသည်။ သို့ဖြစ်ရာ ဝန်ကြီးတစ်ခါပြောင်း မူတစ်ခုပြောင်းဖြင့် ပညာရေးစနစ်ကို ဖြတ်သန်းခဲ့ရဘူးပါသည်၊
ကျမ တတိယတန်းတက်ရောက်နေစဉ် စတုတ္ထတန်းသည် အစိုးရစစ်ဖြစ်ပါသည်၊ ကျမစတုတ္ထတန်းသို့ ရောက်သည့်နှစ်တွင် မြို့နယ်စစ် (ခေါ်) ဘုတ်စစ် ဖြစ်သွားပါသည်။ သို့သော် တစ်ရက်ကို နှစ်ဘာသာ ဖြေဆိုရတာချင်းတော့ တူပါသည်၊ ကိုယ့်ကျောင်းမှာမဖြေရဘဲ သတ်မှတ်ထားသည့် စာစစ်ဌာနတွင် သွားရောက်ဖြေရတာချင်းတော့တူသည်။
ထိုစတုတ္ထတန်းအောင်မြင်ပြီး ပဉ္စမတန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင်ရပါသည်။ ထို့ကြောင့် စတုတ္ထတန်း အစိုးရစစ်ကိုမကျော်နိုင်သဖြင့် တဖုန်းဖုန်းကျပြီး ကျောင်းထွက်သွားရသူများသည် အင်္ဂလိပ်စာလုံး A ကို ပုတ်လောက် ရေးပြလျှင်ပင် လှည်းဒေါက်ခွလားဟု ပြန်ပြောကြသည် လို့ ဆိုကြပြန်သည်။ မူလတန်းပညာရေး အခြေခံအဆင့်ကို လူတိုင်းမကျော်နိုင်သည့်စနစ်တစ်ခု ဖြစ်ခဲ့ဖူးသည်။
ထို့နောက်အလယ်တန်းအဆင့်တွင် အဌမတန်းသည် အစိုးရစစ်ဖြစ်သည်၊ အရေးကြီးသည့်အတန်းပင်၊ သို့သော် ကျမတို့ အဌမတန်းရောက်သည့်အခါ မြို့နယ်စစ် ဖြစ်သွားပြန်သည်။ ကျမတို့တက်သည့်နှစ်မှ ပြောင်းသွားခြင်းပင်။
ကျမသည် ကိုယ်တက်ရသည့်နှစ်မှ ပြောင်းပြောင်းသွားသည့် အတွက် အံ့ဩနေမိသည်၊ ဒဿမတန်း (အခြေခံပညာအထက်တန်း) ရောက်သည့်အခါ ပိုဆိုးချေသည်၊ တကယ့်ကို အပြောင်းအလဲနှင့် တွေ့ရလေတော့သည်၊ ကျမတို့ရှေ့နှစ်မှ အစ်ကိုအစ်မများသည် ဒဿမတန်း၊ ဆယ်တန်း (အခြေခံပညာအထက်တန်း) အောင်ပြီးပါက ဒေသကောလိပ် ပထမနှစ် ဒုတိယနှစ် ဟူ၍ တက်ရပါသည်၊ ပြီးမှ ဆယ်တန်းအမှတ်နှင့် ဒေသကောလိပ်မှ အမှတ်များပေါင်းကာ တက္ကသိုလ်ဝင်ခွင့်လျှောက်ရပါသည်။
ကျမတို့နှစ်တွင် ဆယ်တန်းအောင်မှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်တစ်ခါတည်းလျှောက်ကြရမည်ဟု စတင်ပြောင်းလဲ သတ်မှတ်လေသည်။ ထိုစဉ်က ဆယ်တန်းစာမေးပွဲတွင် နဝမတန်းမှ စာအချို့ကိုပါ ပြန်လည်ထည့်သွင်းပြီး မေးလေ့ရှိသည့်အတွက် နှစ်နှစ်စာ စာများကို ကျက်မှတ်ရပါသည်။ ဖိအားကား များလှပါသည်။
နဝမတန်းတွင် စတင်သင်ကြားစဉ်က အခြေအနေကိုသတိရမိပါသည်၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်ကို နဝမတန်းတွင် ပထမဆုံးသင်ကြရပါသည်၊ ထိုအချိန်တွင် သိပ္ပံဘာသာရပ်များကို သင်ကြားရာတွင် မြန်မာမှုပြုပြီး မြန်မာဝေါဟာရများဖြင့်သာ အစားထိုးသုံးရမည်ဟု ပြောင်းလဲသတ်မှတ်ထားရာ ဆရာ ဆရာမများ အခက်တွေ့နေချိန် ဖြစ်သည်။
ရူပဗေဒဘာသာရပ်တွင် Vector ကိုသင်ရာ ဆရာမသည် ဗထက်ချိုင့်ရေးကသတ်ဗက် တဝမ်းပူရေးချာတာ ဟု ရယ်မောရင်းပြောဖူးပါသည်၊ Vector၏ အဓိပ္ပါယ်ကို မြန်မာလိုဖွင့်ဆိုရှင်းပြ၍ သင်ကြားပေးသော်လည်း Vector ကို မြန်မာလို ဘယ်လိုနာမည်ပေးမည်နည်း။ ဗက်တာဟုသာမှတ်ပါလေဟု ပြောပါသည်။ သိပ္ပံဘာသာရပ်ဆိုင်ရာ ဝေါဟာရများနှင့်ပတ်သက်ပြီး မြန်မာလိုသင်ကြားရေးကိစ္စတွင် ပညာရေးဌာနမှ ဆရာကြီး ဆရာမကြီးများနှင့် ဝန်ကြီးတို့ အချေအတင်ဖြစ်ကြသည်ဟု ကြားခဲ့ဖူးပါသည်၊
ကျောင်းပညာသင်ရိုးညွှန်းတမ်းတွင် အင်္ဂလိပ်ဝေါဟာရများကို မြန်မှုပြုပြီး မြန်မာအသုံးအနှုံးသာ သုံးရန် ညွှန်ကြားချက်ထွက်လာသောအခါ ဆေးတက္ကသိုလ်မှဆရာကြီး ဆရာမကြီးများသည် ဤကိစ္စသည် လုံးဝမဖြစ်နိုင်ပါ၊ ဆေးပညာဝေါဟာရအချို့ကို မြန်မာလို အတိအကျ ပြော၍မရသည်များ ရှိပါသည်။ ထို့ထက်နက်နဲသော အကြောင်းရပ်များလည်းရှိပါသည်ဟု အစည်းဝေးတွင် တင်ပြပြောဆိုသဖြင့် စာအုပ်ထူကြီးများနှင့် ကောက်ပေါက်ခံခဲ့ရသည်ဟု ကြားဖူးပါသည်။ ထိုသို့ အပေါက်ခံပြီး ပြောခဲ့သည့်အတွက် ဆေးတက္ကသိုလ်တစ်ခုတော့ဖြင့် ကင်းလွတ်ခဲ့ပါသည်။
ကျမသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီး တက္ကသိုလ်ဒုတိယနှစ်အရောက်တွင် ထုံးစံအတိုင်း အပြောင်းအလဲကြုံရပြန်လေသည်။ ဒုတိယယနှစ်စာမေးပွဲတွင် အဓိကဘာသာရပ်များ ဂုဏ်ထူးထွက်ပြီး အထူးအောင် (credit) ဖြင့်အောင်ပါက ဂုဏ်ထူးတန်းဝင်ခွင့်တက်ရမည်ဟု ကြေညာပါသည်။ ထိုသို့ဝင်ခွင့်ရပါက နောက်ထပ် သုံးနှစ်တက်ရောက်ပြီးလျှင် သိပ္ပံ (ဂုဏ်ထူး)ဘွဲ့ ရရှိမည်ဖြစ်သည်။ ရိုးရိုးသိပ္ပံဘွဲ့က (၄)နှစ် ဖြင့်ဘွဲ့ရမည်။ ဂုဏ်ထူးဘွဲ့က (၅)နှစ်တက်ရမည်ဖြစ်သည်။ သို့ဖြင့် ဒုတိယနှစ်အောင်မြင်သောအခါ တတိယနှစ်မဟုတ်တော့ဘဲ ပထမနှစ်ဂုဏ်ထူးတန်းကိုတက်ရောက်ခွင့် ရခဲ့ပြန်ပါသည်။
ကျမ ဖခင်သည် လက်ရှိပညာရေးစနစ်ကို လိုက်မမှီပါ၊ နားလည်းမလည်ပါ။ မြန်မာလိုသင်လျှင်သင်လိုက် အင်္ဂလိပ်လိုသင်လျှင်လိုက်သင် ဒါပဲရှိသည်။ ဂျပန်လိုမသင်တာ တော်သေးတယ်မှတ်ဟု ရယ်စရာပြောပါသည်။ (ထိုအချိန်က ဂျပန်မှတင်သွင်းသော ကားများ၊ စက်ပစ္စည်းများ၊ ဂျပန်တွင်အလုပ်သွားရောက်လုပ်ကိုင်ခြင်းများ ဂျပန်သို့ ပညာတော်သင်သွားလိုသူများ ဂျပန်ခေတ်စားနေသောအချိန် ဖြစ်သည်)။
ထိုနှစ်တွင် ထူးခြားစွာ ပြောင်းလဲပြန်လေသည်။ တက္ကသိုလ်များတွင် တတိယနှစ်မှစ၍ အင်္ဂလိပ်လိုသာ သင်ကြားပြီး အင်္ဂလိပ်လိုသာ ဖြေဆိုကြရတော့မည် ဟူသတတ်။ ကျမတို့စာသင်နှစ်မှ ကျောင်းသား ကျောင်းသူများသည် မြန်မာလိုရှည်လျားထွေပြားစွာ ထောင့်တောင့်တောင့် ဘာသာပြန် အဓိပ္ပါယ် ဖွင့်ဆိုချက်များကို မနည်းချိတ်ဆက် ကျက်မှတ်ခဲ့ကြသူများ ဖြစ်လေသည်။
ပထမနှစ်ဂုဏ်ထူးတန်း အတန်းများကို အနိမ့်ဆုံး လက်ထောက်ကထိကဆရာမှ ပါမောက္ခအထိ သင်ကြရမည်ဟု သတ်မှတ်လေသည်။ ကျမတို့၏ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးသည် အမေရိကန်ရှိ နာမည်ကျော် တက္ကသိုလ်တစ်ခုမှ ပါရဂူဘွဲ့ကို ထူးချွန်စွာအောင်မြင်ပြီး ရယူခဲ့သူဖြစ်သည်။ ဆရာကြီး ပါရဂူဘွဲ့အပြီးတွင် အဆိုပါကျောင်းမှ ဆရာများက ကျောင်း၏သုတေဌာနတွင် ပြန်လည်လုပ်ကိုင်ပါရန် လစာများ မက်လောက်အောင်ပေးသော်လည်း လက်မခံဘဲ မြန်မာပြည်သို့ပြန်လာခဲ့ပြီး သုတေသနများ ဆက်လက်လုပ်ကိုင်မည်ဟု မျှော်မှန်းထားခဲ့သည်။ ဆရာကြီးပြန်လာစဉ်က စာအုပ်စာတမ်းများသာ ပါလာသည်ဟု ဆရာကြီးနှင့်နီးစပ်သည့် ဆရာ ဆရာမများက ပြန်လည်ပြောပြဖူးပါသည်။
ထိုဆရာကြီး ပထမဆုံးအတန်းဝင်လာသည့်နေ့ကို မှတ်မိနေပါသေးသည်။ ဆရာကြီးသည် ကျမတို့အားလုံးကို သေသေချာချာကြည့်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်လေသည်၊ ပြီးနောက် ထိုင်ခုံတွင်ထိုင်ကာ စကားတစ်ခွန်းမှ မပြောဘဲ အတန်ကြာငြိမ်နေလေသည်၊ တော်တော်လေးကြာပါသည်။ တခန်းလုံး အပ်ကျသံပင် ကြားရမတတ်ပင်။ ပြီးမှ " အင်း...မင်းတို့ဟာ သနားစရာလေးတွေပါလား" ဟု ဆိုင်းမဆင့်ဗုံမဆင့်ပြောလေရာ ကျမတို့အားလုံး အတော်ပင်ဝမ်းနည်းမိလေသည်။
ကျောက်သင်ပုန်းတွင် Quantum Physics ကွမ်တမ် ဟု ရေးပြပါသည်။ ဆရာကြီးသင်ရမည့်ဘာသာကို ကလေးတို့နားလည်သလို ပြောကြမည်ဟုဆိုလေသည်။ အခြားဆရာ ဆရာမများ တစ်နေ့ လေးငါးမျက်နှာ သင်ကြားသော်လည်း ဆရာကြီးသည် တစ်နေ့ လေးငါးကြောင်းသာ သင်ပါသည်။ သို့သော် စာအုပ်ထဲတွင် ထိုလေးငါးကြောင်းသာပါသော်လည်း ကျောင်းသူကျောင်းသားများ၏ ခေါင်းထဲတွင် အများကြီး သိရှိခဲ့ရပါသည်။
အင်မတန် စာသင်ကောင်းပါသည်၊ နှိုင်းရအလျင်ကို ကိုယ်က ရထားတစ်ပေါ်တွင်ရှိနေစဉ် မျက်နှာချင်းဆိုင် အခြားလမ်းတစ်ဖက်မှ ရထားတစ်စင်းလာနေသည့်အခိုက် ခံစားရသည့် အခိုက်အတန့်အဖြစ်အပျက်ဖြင့် ခိုင်းနှိုင်းသင်ကြားရာ အလွယ်တကူ နားလည်သဘောပေါက်ခဲ့ရပါသည်။ E=mc² ကိုသင်ပြီး " မင်းတို့ နျူးကလီးယား ထုတ်လို့ ရပြီ" ဟုရယ်မောပြောပါသည်၊ "သင်ကြားဖို့ လက်တွေ့စမ်းသပ်ဖို့ အထောက်အကူပစ္စည်းတွေရှိလျှင် ရခဲ့လျှင် တို့မြန်မာကျောင်းသားတွေ မညံ့ပါ" ဟု ဆက်ပြောပါသည်။
နှစ်ကုန်သည့်အခါ စာမျက်နှာ (၁၂၀) ပါ ဗလာစာအုပ်တစ်အုပ်စာသာ မှတ်စုရှိပါသည်။ သို့သော် Quantum Physics ကို ရေရေရာရာသိရှိအောင် သင်ကြားပေးပါသည်။ မှတ်ထားပါ၊ လိုက်ကူးရန်မလို၊ ဒါကို စာကြည့်တိုက်မှာ သွားဖတ်ဟု လမ်းညွှန်တတ်ပါသည်။ စာမေးပွဲဖြေရာတွင် အခြားဘာသာရပ်များကို အသေအလဲ ကျက်မှတ်ရသော်လည်း ဆရာကြီးဘာသာရပ်ဆိုလျှင် တစ်ခေါက်ပြန်ဖတ်ပြီး definition နည်းနည်းကျက်သည်နှင့်် လုံလောက်သည်၊ စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြလေသည်။
၁၉၈၈၊ ဇွန်လတွင် ကျောင်းသားများ အဓိပတိလမ်းပေါ်တွင် တရားဟောကြသည်။ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများကို ကျောင်းသားများအားနိုင်အောင်ထိန်းရမည်ဟု ညွှန်ကြားသောအခါ ဆရာကြီးသည် အဓိပတိလမ်းပေါ်ရှိ ကျောင်းသားများနှင့်အတူ ရှိနေခဲ့သည်။ ဆရာများက ဖုန်းလာသည်ဟု လာခေါ်လျှင် ကျောင်းသားများကို စောင့်ကြည့်နေသည်၊ စောင့်ပြီးထိန်းနေသည်လို့ပြောလိုက်ဟု ပြောလေသည်။
ကျောင်းသားများအကြား လူစိမ်းသူစိမ်းများမဝင်ရအောင် လက်ချင်းယှက်သောအခါ ဆရာကြီးလည်း လက်ချင်းယှက်၍ ကာပေးခဲ့သည်။ ၈၈အရေးတော်ပုံကာလပြီးသောအခါ ဆရာကြီးပင်စင်ပေးခံရပါသည်။ နောင်နှစ်အနည်းငယ်ကြာသောအခါ ဆရာကြီးကို ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း အနောက်ဖက်က လမ်းကျယ်တစ်ခုပေါ်တွင် ကလေးတစ်ယောက်နှင့် စွန်လွှတ်ရန်ပြင်နေသည်ကို တွေ့ရပါသည်။ ငြိမ်းအေးလှပါသည်၊ ဆရာကြီးကိုနှုတ်ဆက်သည့်အခါ ပြန်လည်နှုတ်ဆက်ရုံမှတပါး ဘာစကားမှအပိုမပြောပါ။
သို့သော် ကျမသည် ဆရာကြီးကို နှမြောတသ ဖြစ်နေမိပါသည်။ ဆရာကြီးကား ပညာရှင်စစ်စစ်ပင်။ အနောက်နိုင်ငံကြီးတစ်ခုဆီမှ နျူးကလီးယားစွမ်းအင် ထုတ်လုပ်နိုင်သည့် အဆင့်ထိ သုတေသနစာတမ်း ပြုစုခဲ့သူတစ်ဦး၊ ပညာတတ်တစ်ယောက် ပညာရှင်တစ်ယောက်ကို အလေးမထား၊ ဂရုမပြုကြဘဲ ပစ်ပယ်ထားချေပြီ။ နိုင်ငံအတွက် များစွာနစ်နာခဲ့ချေပြီ၊ ဆရာကြီးကတော့ ဘာပညာမာနမှမရှိဘဲ လွတ်လပ်စွာ စွန်လွှတ်နေချေပြီ။
(၃)
မိမိကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့် ပညာရေးအချိုးအကွေ့များ ပြီးပြန်တော့ နောက်ပိုင်းမျိုးဆက်များ၏ အချိုးအကွေ့များကို မြင်တွေ့ကြားသိရပြန်သည်၊ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်တို့ သပ်သပ်စီ ခွဲကြပြန်သည်။ နဝမတန်းနှင့် ဒဿမတန်းတို့ အင်္ဂလိပ်လိုသင်ကြရလေသည်။ ကလေးများသည် ဘာသာရပ်ဆိုင်ရာများနှင့် ဘာသာစကားများကြားတွင် လူးကာလိမ့်ကာဖြင့် ဖြတ်သန်းကြရပြန်သည်။ ထိုကလေးများသည် သူငယ်တန်းမှစ၍ အင်္ဂလိပ်စာကို သင်ကြားခဲ့ရသူများတော့ ဖြစ်နေပြန်ပါသည်။
ကျမလုပ်ငန်းခွင်သို့ဝင်ရောက်ပြီး ဆယ်နှစ်ခန့်အကြာတွင် ရောက်ရှိလာခဲ့သည့် ကလေးမလေးတစ်ယောက်နှင့် စကားစပ်မိရာမှ သူဆယ်တန်းအောင်တော့ အမှတ်ပေါင်း (၅၈၅)မှတ်ရသည်ဟုဆိုသည်။ ကျမက တော်လိုက်တာဟု တဖွဖွချီးမွမ်းရာ သူကမနေတတ်ဟန်ဖြင့် မတော်ပါ ဒီအမှတ်ကနည်းနည်းလေး သူတို့တုန်းက (၉) ဘာသာ ဖြေရတာဟု ဆိုလေသည်။ ထိုအချိန်ကို ကျမ မသိလိုက်မိပါ။ ဝိဇ္ဇာ သိပ္ပံ မခွဲတော့ဘဲ အားလုံးပေါင်းသင်ရမည်ဟု ပြဌာန်းလိုက်သောအခါ စုစုပေါင်း (၉) ဘာသာ ဖြစ်သွားလေသည်။ ထိုကလေးမလေးသည် ရှစ်ဘာသာမြောက် ဖြေအပြီးတွင် ဆေးသွင်း၍ ကျန်သည့်ဘာသာကို ဆက်ဖြေခဲ့ရပါသည်တဲ့။
ကျမသည် ထိုကလေးမလေးအား သနားကြင်နာစွာ ကြည့်ရင်း ကျမ၏ ပါမောက္ခဆရာကြီးကို သတိရမိပါသည်၊ ဒီအတန်းကိုပဲ တချို့ (၆) ဘာသာ ဖြေရသည်ကို သူတို့ (၉) ဘာသာဖြေခဲ့ရသည်။ ဒီအတန်းကိုပဲ တချို့မြန်မာလိုဖြေပြီး တချို့ အင်္ဂလိပ်လို ဖြေခဲ့ရပြန်သည်။ ကွေ့အမျိုးမျိုးကို တက်အမျိုးမျိုးပြောင်းပြီး လှော်ခပ်ခဲ့ရသည်၊ လှော်ရင်းတက်ကျိုးသူများလည်း ဘယ်လောက်တောင်ရှိကြမှာပါလိမ့်။
မူလတန်းအဆင့်တွင်လည်း တစ်မျိုးတစ်ဖုံပြောင်းနေသည်သာ။ ကျမအိမ်နှင့် မျက်နှာချင်းဆိုင်တိုက်ခန်း အောက်ထပ်မှ ကလေးမကလေး စာအော်ကျက်ရာမှ သိရှိရလေသည်။
"ကိုယ့်ထက်ကြီးသူများက မောင်ဘယ်သူဟုခေါ်လျှင် ခင်ဗျာ ဟုထူးရပြီး ကိုယ့်ထက်ကြီးသူများက မဘယ်သူဟုခေါ်လျှင် ရှင်ဟု ထူးရပါမည၊" ဟုကျက်သံကြားသောအခါ ဘာပါလိမ့်ဟု သိချင်စိတ်ဖြင့် စူးစမ်းမိလေသည်။ မူလတန်းအဆင့်တွင် လူမှုရေးဘာသာရပ်နှင့် ရသ နှစ်ဘာသာထပ်တိုးထားလေသည်။ လူမှုရေးဘာသာရပ်တွင် ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ဘဝတွက်တာတို့ ပါဝင်လေသည်၊ ရသ တွင် ဆို က ရေး တီးနှင့် ပန်းချီတို့ပါဝင်သည်။
ထိုကလေးကျက်နေသည်မှာ စာရိတ္တဘာသာရပ်ဖြစ်သည်။ အချို့မိဘများသည် နေကုန်နေခန်း အလုပ်လုပ်ကြရသဖြင့် သားသမီးများနှင့် ကင်းကွာကြသည်၊ သွန်သင်ဆုံးမမှုဖို့ အချိန်မပေးျနိုင်ကြတော့ပေ။ သို့ဖြစ်၍ ဤဘာသာရပ်များကို ထည့်သွင်းရသည်ဟု သိရပါသည်။ ကောင်းပါသည်၊ သို့သော် သင်နည်းက မည်သို့ရှိသည်မသိ။ ဤအမေးအဖြေကို သုံးလီသုံးခါကျက်နေလေသည်၊ ကျမသည် ကလေးမလေးနှင့် ရင်းနှီးသည်ဖြစ်ရာ "သမီး"ဟု ခေါ်လိုက်ရာ "ရှင်"ဟု ထူးပါသည်၊
"သမီးကို ကိုခေါ်ရင် ရှင်လို့ ထူးရမှန်းသိတယ်မဟုတ်လား၊ အဲဒီတော့ စာမေးပွဲမှာ မေးရင် အဲလိုပဲဖြေရမယ်လေ သိလား"ဟု မေးရာ 'သိပါတယ်" ဟုပြောသည်၊
"ဒါဆို သိပြီးသားကို ဘာလို့အော်ကျက်နေတာလဲ" ဟုမေးရာ ဆရာမက ကျက်ခဲ့လို့ပြောလိုက်သည်တဲ့။
"ဟင်းခပ်လျှင် ဇွန်းကိုမည်သည့်လက်ဖြင့်ကိုင်ရမည်နည်း"
"ဟင်းခပ်လျှင် ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ရပါမည်" ဟုအော်ကျက်လေသည်။ ဤကား ဘဝတွက်တာ ဘာသာရပ်ဟု သိရလေသည်။
"ပညာရေးမှာတော့ နှုတ်တိုက်အာဂုံဆောင်ခြင်းကို အလွန်အမင်း အားပေးတဲ့စနစ်က ဆယ်စုနှစ်များစွာနဲ့ချီပြီး စွဲခဲ့တာဆိုတော့ အကြောင်းတွေ အချက်အလက်တွေပဲ သိကြတာပါ၊ ဒါတွေပဲမေးပြီး ဒီလိုပဲအောင်လာကြတာပါ" လို့ အစချီပြီး ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်က ပညာရေးနဲ့ပတ်သက်ပြီး ရေးသားထားပါသည်။
"စနစ်သစ်ကို အကောင်အထည်မဖော်ခင်အတွင်းမှာ စနိုင်တဲ့ လက်ရှိပညာရေးစနစ်နဲ့ ပတ်သက်တာတွေ ပြုပြင်ပြောင်းလဲလ ုပ်လို့ရပါတယ်။ ဥပမာ- သင်နည်းအဖုံဖုံ (Teaching Learning methods)၊ စာမေးပွဲစစ်နည်းများ၊ ဒါဟာလည်း အဖက်ဖက်မှာ ခေတ်နောက်ကျနေတဲ့ ကျမတို့တိုင်းပြည်အတွက် အလွန်အရေးပါလွန်းတဲ့ ဦးစားပေး အကြောင်းအရာဖြစ်ပါတယ်လို့" ထောက်ပြထားသည်။
"စာမေးပွဲရမှတ်တွေသာများပြီး လူ့တန်ဖိုးအစစ်တွေမပါတဲ့ ပညာရေးက လေ့ကျင့်ပေးလိုက်တဲ့ ကျနော်တို့ မျိုးဆက်သစ်တွေ ကမ္ဘာနဲ့ ဘယ်လိုရင်ဘောင်တန်းမှာလဲ၊ မြန်မာ့ပညာရေးက လူ့တန်ဖိုးစစ်စစ်တွေကင်းကာ စာမေးပွဲရမှတ်သာ အထင်ကြီးတဲ့ ပညာရေးလားဆိုတာ ဆန်းစစ်နေရပါမယ်၊ ယနေ့ ကမ္ဘာ့ပညာရေးက သွားနေတဲ့လမ်းကြောင်းဟာ အတွေးအခေါ် အကြိုးအကြောင်းဆက်စပ်နိုင်မှု ရင့်သန်စေမယ့်ပညာရေးပါ" ဆိုပြီး ဆရာဒေါက်တာမောင်သင်းက ထောက်ပြပြောဆိုထားသည်ကို ဖတ်ရပါသည်။
မြန်မာ့ပညာရေးလှိုင်းဂယက်ထဲမှာ တက်မှန်ရွက်မှန်ဖြင့် တည်ငြိမ်စွာ လှော်ခပ်နိုင်ပါမှ ပညာရေးပန်းတိုင် လိုရာရောက်ပေလိမ့်မည်။ မျက်မမြင်ပုဏား (၆) ယောက် ဆင်ကိုစမ်းသလို ကိုင်မိကိုင်ရာ ကိုယ်သိရာအမှန် လုပ်ခဲ့ကြသည့် အာဏာကို ဗဟိုပြုသော အာဏာကချုပ်ကိုင်ချယ်လှယ်ခဲ့သော ပညာရေးစနစ်ကို အသွင်ပြောင်းလိုနေကြပြီ။
သို့မှသာလည်း ခေတ်နှင့်အညီ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ လူ့အသိဉာဏ်သည် တန်ဖိုးကြီးမားသော လူသားအရင်းအမြစ်ပင် မဟုတ်ပါလား။

ခိုင်ခိုင်စောလွင်

Tuesday, 22 November 2011 03:29 ခိုင်ခိုင်စောလွင် (http://www.maukkha.org/inde

No comments: